ဘုရားရှိခိုးကျောင်းတော်များ

ဘဟာအီသာသနာ ဘုရားရှိခိုးကျောင်းတော် အမေရိကန်နိုင်ငံ၊ မြောက်အမေရိကတိုက်

မြောက်အမေရိကတိုက်၏ မိခင်ဘုရားရှိခိုးကျောင်းတော်ကြီးကို ၁၉၁၂ ခုနှစ်တွင် အဗ္ဗဒွလ်ဘဟာအရှင်မြတ် မြောက်အမေရိက ခရီးစဉ်အတွင်း အမေရိကန်နိုင်ငံသို့ ရောက်ရှိတော်မူစဉ် ချီကာဂိုမြို့အနီး ဝေးလ်မက်၌ အုတ်မြစ်ချခဲ့ပြီး ၁၉၅၃ ခုနှစ်တွင် ဖွင့်လှစ်ခဲ့သည်။

ဘဟာအီသာသနာ ဘုရားရှိခိုးကျောင်းတော် ယူဂန္ဓာနိုင်ငံ၊ အာဖရိကတိုက်

အာဖရိကတိုက်၏ မိခင်ဘုရားရှိခိုးကျောင်းတော်ကြီးကို ၁၉၅၇ ခုနှစ်တွင် ယူဂန္ဓာနိုင်ငံ၊ ကမ်ပါလာမြို့၌ စတင်တည်ဆောက်ခဲ့ပြီး ၁၉၆၁ ခုနှစ်၊ ဇန်နဝါရီလ (၁၃) ရက်တွင် ဖွင့်လှစ်ခဲ့သည်။

ဘဟာအီသာသနာ ဘုရားရှိခိုးကျောင်းတော် သြစတြေးလျနိုင်ငံ၊ သြစတြေးလျတိုက်

သြစတြေးလျတိုက်၏ မိခင်ဘုရားရှိခိုးကျောင်းတော်ကြီးကို သြစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့တော် မြောက်ဘက်တွင် သာသနာထိန်းကြီး ရှော်ဂီအဖန္ဒီအရှင်၏ လမ်းညွှန်မှုဖြင့် ဒီဇိုင်းပုံစံရေးဆွဲခဲ့ပြီး ၁၉၆၁ ခုနှစ်၊ ဒီဇင်ဘာလ (၁၇) ရက်တွင် ဖွင့်လှစ်ခဲ့သည်။

ဘဟာအီသာသနာ ဘုရားရှိခိုးကျောင်းတော် ဂျာမနီနိုင်ငံ၊ ဥရောပတိုက်

ဥရောပတိုက်၏ မိခင်ဘုရားရှိခိုးကျောင်းတော်ကြီးကို ၁၉၅၃ ခုနှစ်တွင် သာသနာထိန်းကြီး ရှော်ဂီ အဖန္ဒီအရှင်၏ လမ်းညွှန်မှုဖြင့် ဂျာမနီနိုင်ငံ၊ ဖရန့်ဖတ်မြို့၏ အနောက်ဘက်တွင် တည်ဆောက်ခဲ့ပြီး ၁၉၆၄ ခုနှစ်၊ ဇူလိုင်လတွင် ပြီးစီးခဲ့သည်။

ဘဟာအီသာသနာ ဘုရားရှိခိုးကျောင်းတော် ပနားမားနိုင်ငံ၊ လက်တင်အမေရိက

လက်တင်အမေရိက၏ မိခင်ဘုရားရှိခိုးကျောင်းတော်ကြီးကို ပနားမားနိုင်ငံ၊ ပနားမားမြို့တော်၏ မြောက်ဘက်တွင် ၁၉၆၇ ခုနှစ်၌ အုတ်မြစ်ချခဲ့ပြီး ၁၉၇၂ ခုနှစ်တွင် ဖွင့်လှစ်ခဲ့သည်။

ဘဟာအီသာသနာ ဘုရားရှိခိုးကျောင်းတော် ဆမိုးဝါးနိုင်ငံ၊ ပစိဖိတ်ကျွန်းများဒေသ

ပစိဖိတ်ကျွန်းများ၏ မိခင်ဘုရားရှိခိုးကျောင်းတော်ကြီးကို ၁၉၇၉ ခုနှစ်တွင် ဆမိုးဝါးနိုင်ငံ၊ ဆမိုးဝါးမြို့၌ အုတ်မြစ်ချခဲ့ပြီး ဖွင့်ပွဲသို့ ကမ္ဘာ့သမာဓိအဖွဲ့ချုပ်ကိုယ်စား အမ္မတူဘဟာရူဟီယာခါနွမ်နှင့် နိုင်ငံခေါင်းဆောင် များထဲမှ ပထမဆုံး ဘဟာအီသာသနာကို လက်ခံယုံကြည်သူ ဆမိုးဝါးနိုင်ငံ ဘုရင်မင်းမြတ် ဆူဆူဂါ မလီတွာ တနူမာဖီလီ (၂) တို့သည် ၁၉၈၄ ခုနှစ်၊ စက်တင်ဘာလ (၁) ရက်နေ့တွင် တက်ရောက် ဖွင့်လှစ်ခဲ့သည်။

ဘဟာအီသာသနာ ဘုရားရှိခိုးကျောင်းတော် အိန္ဒိယနိုင်ငံ၊ အိန္ဒိယတိုက်ငယ်

အိန္ဒိယတိုက်ငယ်၏ မိခင်ဘုရားရှိခိုးကျောင်းတော်ကြီးကို အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့၌ ၁၉၈၆ ခုနှစ် တွင် ဖွင့်လှစ်ခဲ့သည်။ ၁၉၉၂ ခုနှစ်တွင် အိန္ဒိယနိုင်ငံရှိ လည်ပတ်မှုအများဆုံး အဆောက်အအုံများထဲမှ တစ်ခု ဖြစ်လာပြီး ၂၀၁၇ ခုနှစ်တွင် လာရောက်လည်ပတ်သူ (၄.၆) သန်းရှိခဲ့ရာ ကမ္ဘာတွင် အများဆုံးလည်ပတ်သော အဆောက်အအုံးများထဲမှ တစ်ခုဖြစ်လာခဲ့သည်။

ဘဟာအီသာသနာ ဘုရားရှိခိုးကျောင်းတော် ချီလီနိုင်ငံ၊ တောင်အမေရိကတိုက်

တောင်အမေရိကတိုက်၏ မိခင်ဘုရားရှိခိုးကျောင်းတော်ကြီးကို ချီလီနိုင်ငံ၊ ဆန်တီယာဂိုမြို့တွင် ၂၀၁၀ ခုနှစ်၊ နိုဝင်ဘာလ၌ စတင်တည်ဆောက်ခဲ့ပြီး ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ (၁၃) ရက်မှ (၁၆) ရက် အထိ ဖွင့်ပွဲကျင်းပခဲ့သည်။ ဤကျောင်းတော်သည် တိုက်အဆင့် ဘဟာအီဘုရားရှိခိုးကျောင်းတော်ကြီးများ တွင် (၈) ခုမြောက်နှင့် တိုက်အဆင့် နောက်ဆုံးကျောင်းတော်ဖြစ်သည်။

ဘဟာအီသာသနာ ဘုရားရှိခိုးကျောင်းတော် ကမ္ဘောဒီးယားနိုင်ငံ

ဒေသဆိုင်ရာ ဘဟာအီဘုရားရှိခိုးကျောင်းတော်ကို ကမ္ဘောဒီးယားနိုင်ငံ၊ ဘက်တမ်ဘမ်းခရိုင်တွင် ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ (၁၄) ရက်နေ့တွင် စတင်တည်ဆောက်ခဲ့ပြီး ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ (၁) ရက်နှင့် (၂) ရက်နေ့များတွင် ဖွင့်ပွဲကျင်းပခဲ့သည်။ ဤဘုရားရှိခိုးကျောင်းတော်သည် ဒေသအဆင့် ပထမဆုံး တည်ဆောက်ဖွင့်လှစ်သည့် ဘဟာအီ ဘုရားရှိခိုးကျောင်းတော်ဖြစ်သည်။

ကမ္ဘာ့သမာဓိအဖွဲ့ချုပ်ရုံးတော်

ဘဟာအီသာသနာ အုပ်ချုပ်စီမံပုံ၏ တစ်ကမ္ဘာလုံး ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ အမြင့်မားဆုံး အဖွဲ့အစည်းဖြစ်သည့် အချုပ်အခြာစိုးပိုင်တော်မူသော ကမ္ဘာ့သမာဓိအဖွဲ့ချုပ်ကို ၁၉၆၃ ခုနှစ်၊ ဧပြီလတွင် စတင်ရွေးကောက် တင်မြှောက်ခဲ့ပြီး အစ္စရေးနိုင်ငံ၊ ဟိုက်ဖာမြို့ရှိ ကာမယ်လ်တောင်တော်ပေါ်၌ ၁၉၈၃ ခုနှစ်တွင် စတင် ရုံးစိုက်တော်မူခဲ့သည်။

ဘဟာအီသာသနာ အပြည်ပြည်ဆိုင်ရာ သာသနာပြန့်ပွားရေး ဗဟိုဌာန

ဘဟာအီသာသနာ အုပ်ချုပ်စီမံပုံ၏ တစ်ကမ္ဘာလုံးဆိုင်ရာ ခန့်အပ်သော အမြင့်ဆုံးအဖွဲ့အစည်း ဖြစ်သည့် ဘဟာအီသာသနာ အပြည်ပြည်ဆိုင်ရာ သာသနာပြန့်ပွားရေးဗဟိုဌာန အဆောက်အအုံအား အစ္စရေးနိုင်ငံ၊ ဟိုက်ဖာမြို့ရှိ ကာမယ်လ်တောင်တော်ပေါ်၌ ၂၀၀၁ ခုနှစ်တွင် ပြီးမြောက်ခဲ့သည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ဘဟာအီသာသနာအဖွဲ့ချုပ်

ဘဟာအီသာသနာသည် ၁၈၇၈ ခုနှစ်တွင် မြန်မာနိုင်ငံသို့ သာသနာတော် စတင်ရောက်ရှိခဲ့ပြီး နိုင်ငံအဆင့် အမြင့်မားဆုံး အဖွဲ့အစည်းဖြစ်သော နိုင်ငံလုံးဆိုင်ရာ ဘဟာအီသာသနာအဖွဲ့ချုပ်ကို ၁၉၅၈ ခုနှစ်တွင် စတင်ရွေးကောက်တင်မြှောက်ခဲ့ပြီး အမှတ် ၃၅၅၊ ဗညားဒလလမ်း၊ တာမွေမြို့နယ်၊ ရန်ကုန်တိုင်း ဒေသကြီးတွင် ရုံးစိုက်၍ သာသနာ့ရေးရာများကို စီမံဆောင်ရွက်လျက်ရှိသည်။