ကမ္ဘာ့သမာဓိအဖွဲ့ချုပ်

ကမ္ဘာ့သမာဓိအဖွဲ့ချုပ်

ကမ္ဘာ့သမာဓိအဖွဲ့ချုပ်သည် ဘဟာအီသာသနာတော်၏ ကမ္ဘာလုံးဆိုင်ရာ အုပ်ချုပ်မှုအဖွဲ့အစည်းဖြစ်ပြီး ယနေ့ခေတ်အတွက် ဘဟာအွလ္လာဘုရားရှင်၏ ပဋိညာဉ်တော်လည်းဖြစ်သည်။ ထိုအဖွဲ့အစည်း ဖွဲ့စည်း တည်ထောင်ရန်အတွက် ဘဟာအွလ္လာဘုရားရှင်၏ ဥပဒေသတော်များပါရှိသည့် ကျမ်းစာအုပ်ဖြစ်သော ကီတာဘီအက္ကဒက်စ်ကျမ်းတော်တွင် ချမှတ်ပြဌာန်းတော်မူခဲ့သည်။

ကမ္ဘာ့သမာဓိအဖွဲ့ချုပ်သည် အဖွဲ့ဝင်(၉)ဦးဖြင့် ဖွဲ့စည်းတည်ထောင်ထားပြီး (၅)နှစ်တိုင်းတွင်တစ်ကြိမ် နိုင်ငံတိုင်းရှိ နိုင်ငံလုံးဆိုင်ရာ ဘဟာအီသာသနာအဖွဲ့ချုပ်အဖွဲ့ဝင်များအားလုံးက မဲပေး၍ ရွေးကောက်တင်မြှောက်ကြရသည်။

ဘဟာအွလ္လာဘုရားရှင်က လူသားတို့၏ လုပ်ဆောင်ချက်များကို အကောင်းဘက်မှ လွှမ်းမိုးနိုင်ရန် လုံ့လစိုက်ကြရန်၊ ပညာရေးကို မြှင့်တင်ပေးရန်၊ ငြိမ်းချမ်းရေးနှင့် တစ်ကမ္ဘာလုံး ကြွယ်ဝချမ်းသာရေး၊ လူသားတို့ကို ဖြောင့်မတ်သော ဂုဏ်သိက္ခာရှိသူများ ဖြစ်စေရန်နှင့် သာသနာတော်၏ အဆင့်အခြေကို ကာကွယ်ပေးရန် လူသားအားလုံးတို့ ကိုးကွယ်ရာအရှင်ထံမှ အခွင့်အာဏာကို ကမ္ဘာ့သမာဓိအဖွဲ့ချုပ်သို့ အပ်နှင်းခဲ့သည်။

ယင်းအဖွဲ့အစည်းသည် အစဉ်အမြဲ အဆင့်ဆင့် တိုးတက်ပြောင်းလဲနေသော လူမှုအဖွဲ့အစည်း၏ လိုအပ်ချက်များကို ဘဟာအီသာသနာ၏ ဆုံးမသြဝါဒတော်များကို အသုံးပြုခြင်းဖြင့် အားအင်ဖြည့်ဆည်းပေးရန်နှင့် သာသနာတော်၏ သန့်ရှင်းမြင့်မြတ်တော် မူသော ကျမ်းစာပိုဒ်တော်များတွင် ဖုံးကွယ်နေသည့် အတည့်အလင်း မဖေါ်ပြထားသည့် အကြောင်းအရာများအတွက် ဥပဒေပြဌာန်းရန်အတွက် တာဝန်ပေးအပ်ခြင်းခံခဲ့ရသည်။

(၁၉၆၃)ခုနှစ်တွင် ပထမဆုံးအကြိမ် စတင်ရွေးချယ်တင်မြှောက်ခဲ့သော ကမ္ဘာ့သမာဓိအဖွဲ့ချုပ်သည် ကမ္ဘာ့ဘဟာအီ သာသနာဝင်ထုတစ်ရပ်လုံး၏ အရည်အသွေးများ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ကြွယ်ဝချမ်းသာသော ကမ္ဘာ့ယဉ်ကျေးမှုကြီး တည်ဆောက်ရာတွင် ပါဝင်ကြရန် လမ်းညွှန်မှုပေးခဲ့သည်။

ကမ္ဘာ့သမာဓိအဖွဲ့ချုပ် ချမှတ်ခဲ့သော သန့်ရှင်းမြင့်မြတ်တော် မူသော လမ်းညွှန်ချက်တွင် ဘဟာအီသာသနာဝင်ထု၏ စည်းလုံးညီညွတ်ခြင်း အတွေးအခေါ်နှင့် အပြုအမူများကို အသေအချာ ထည့်သွင်းထားသည်။ အဘယ်ကြောင့်ဆိုသော် ယင်းအဖွဲ့အစည်းသည် ဘဟာအွလ္လာဘုရားရှင်၏ မျှော်မှန်းချက်ဖြစ်သော ကမ္ဘာကြီးအမှန်တကယ် ငြိမ်းချမ်းရေးဆီသို့ ပြောင်းလဲရောက်ရှိရန် သင်ယူနေကြခြင်းကြောင့်ဖြစ်သည်။

ကမ္ဘာကြီးတွင် နေ့စဉ်နေ့တိုင်းပင် အခက်အခဲအသစ်များ ဖြစ်ပေါ်နေပြီး အခက်အခဲတိုင်းအတွက် သင့်လျော်သော အဖြေများကို အချိန်၏ လိုအပ်ချက်၊ လိုလားချက်များနှင့်အညီ အကျိုးဆောင်ရွက်သူများဖြစ်သော ကမ္ဘာ့သမာဓိအဖွဲ့ချုပ် ထံသို့ လွှဲအပ်ထားသင့်လေသည်။