ရှော်ဂီအဖန်ဒီအရှင်မြတ်

ရှော်ဂီအဖန်ဒီအရှင်မြတ် – ဘဟာအီသာသနာ၏ သာသနာထိန်းကြီး

စည်းလုံးညီညွတ်သော ကမ္ဘာကြီးတည်ဆောက်ရန်ဆိုသည့် သာသနာတော်၏ရည်ရွယ်ချက် အောင်မြင်စေရန်နှင့် ဘဟာအီသာသနာဝင်ထု၏ စည်းလုံးညီညွတ်မှုကို ကာကွယ်ရန် ဘဟာအွလ္လာဘုရားရှင်သည် အရှင်၏ သားတော်အကြီးဆုံးဖြစ်သော အဗ္ဗဒွလ်ဘဟာအရှင်မြတ်ကို ပဋိညာဉ်သစ္စာတော်၏ ဗဟိုမဏ္ဍိုင်ရှင်အဖြစ် ခန့်အပ်ခဲ့ပြီး ကမ္ဘာ့သမာဓိအဖွဲ့ချုပ်ကို တည်ထောင်ရန် ချမှတ်ပြဌာန်းတော်မူခဲ့သည်။ အဗ္ဗဒွလ်ဘဟာအရှင်မြတ်သည် ကမ္ဘာ့သမာဓိအဖွဲ့ချုပ် လုပ်ဆောင်ရမည့် ဥပဒေစည်းမျဉ်းများကို ရေးဆွဲခဲ့ပြီး အရှင်ပျံလွန်တော်မူပြီးနောက်တွင် ဘဟာအီများသည် အရှင်၏မြေးတော်အကြီးဆုံးဖြစ်သော ဘဟာအီသာသနာ၏ သာသနာထိန်းကြီးဟု အမည်နာမတပ်ထားသည့် ရှော်ဂီအဖန်ဒီ အရှင်မြတ်ဖက်သို့ လှည့်ကြရမည်ဖြစ်ကြောင်း ဖော်ပြထားခဲ့သည်။

ကမ္ဘာ့သမာဓိအဖွဲ့ချုပ်နှင့် သာသနာထိန်းကြီးတို့သည် သာသနာဝင်များအနေဖြင့် ဥပဒေစည်းမျဉ်းများကိုလိုက်နာစေရန်၊ ဘဟာအွလ္လာဘုရားရှင်၏ လက်ရှိအချိန်နှင့် ကိုက်ညီသော အချို့ဥပဒေတော်များကို ထုတ်ပြန်ကြေငြာရန်၊ အဖွဲ့အစည်းများကို ကာကွယ်စောင့်ရှောက်ရန်နှင့် အစဉ်အမြဲ တိုးတက်နေသော လူ့အဖွဲ့အစည်း၏ လိုအပ်ချက်များနှင့် လိုက်ဖက်ညီသော ဥပဒေအသစ်များ ပြဌာန်းခွင့်ကို အတူတကွ တာဝန်ပေးအပ်ခြင်းခံခဲ့ရသည်။

(၃၆) နှစ်တိုင် ရှော်ဂီအဖန်ဒီအရှင်မြတ်သည် အံ့မခန်းသော အမြော်အမြင်၊ ပညာဥာဏ်ပြည့်ဝမှုနှင့် နှစ်မြှုပ်လုပ်ဆောင်မှု တို့ဖြင့် သာသနာဝင်ထုကို စနစ်တကျ ဖွံ့ဖြိုးတိုးတက်အောင် ပြုစုပျိုးထောင်ပေးခြင်း၊ သာသနာဝင်ထု၏ နားလည်မှုကို နက်ရှိုင်းစေခြင်း၊ စည်းလုံးညီညွတ်မှုကို တောင့်တင်းခိုင်မာစေခြင်းနှင့် ကွဲပြားခြားနားနေသော လူသားလောက တစ်ရပ်လုံးကို စည်းလုံးညီညွတ်မှုဖြင့် သိသိသာသာ ကြီးမားသော ရောင်ပြန်ဟပ်မှုကို ဖြစ်ပေါ်စေခဲ့သည်။

ဘဟာအွလ္လာဘုရားရှင် ရေးဆွဲတော်မူခဲ့သော ပြိုင်ဘက်ကင်းသည့်အစီအစဉ်ဖြင့် ရှော်ဂီအဖန်ဒီအရှင်မြတ်၏ လမ်းညွှန်မှုအောက်တွင် သာသနာဝင်ထု၏ စီမံအုပ်ချုပ်ပုံရေးရာသည် ကမ္ဘာတစ်ခုလုံးသို့ အလျှင်အမြန် အဆင့်ဆင့် တိုးတက်ဖွံ့ဖြိုးလာခဲ့သည်။

အရှင်သည် ဘဟာအီသာသနာ၏ ကျမ်းစာဒေသနာတော်များကို အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုခြင်း၊ သာသနာတော်၏ ဝိညာဏပိုင်းဆိုင်ရာနှင့် စီမံအုပ်ချုပ်ခြင်းဆိုင်ရာ အဆောက်အဦများ သန့်ရှင်းရာမြေတွင် များပြားလာစေခြင်း၊ ထောင်ပေါင်းများစွာသော စာများကို သာသနာဝင်များထံ ရေးသားတော်မူခဲ့ခြင်း၊ လူ့ယဉ်ကျေးမှု၏ ပြောင်းလဲလာစေမည့် အင်အားရပ်များကို ဝိညာဏပိုင်းဆိုင်ရာရှုထောင့်မှ လေးနက်သော ထိုးထွင်အမြင်များကိုပေးခြင်း စသည်တို့ကိုလုပ်ဆောင်တော်မူခဲ့သည်။

အတိုင်းအဆမဲ့သော အရှင်၏ အောင်မြင်မှုများနှင့် အရှင့်ခေါင်းဆောင်မှု အရည်အသွေး၏ ဂုဏ်အင်လက္ခဏာများ၊ သူတို့ကိုယ်တိုင်ပင် ပိုင်ဆိုင်ထားကြောင်း မသိသော လူတို့၏ စွမ်းရည်များနှင့် အရည်အသွေးများကို လက်တွဲဖော်ထုတ်ပေးခဲ့ခြင်းစသည့် အမှတ်ရနေစေသော ရှော်ဂီအီဖန်ဒီအရှင်မြတ်၏ ခေါင်းဆောင်အရည်အသွေး များကို အားလုံးတို့က တအံ့တသြ လေးစားခဲ့ကြရသည်။