အဗ္ဗဒွလ်ဘဟာအရှင်မြတ်

အဗ္ဗဒွလ်ဘဟာအရှင်မြတ် (ပြီးပြည့်စုံသော စံနမူနာပြပုဂ္ဂိုလ်)

(၂၀)ရာစု၏ အစောပိုင်းနှစ်များတွင် ဘဟာအွလ္လာဘုရားရှင်၏ သားတော်အကြီးဆုံးဖြစ်တော်မူသော အဗ္ဗဒွလ်ဘဟာအရှင်မြတ်သည် ဘဟာအီသာသနာအတွက် ဦးဆောင်လမ်းပြပေးသူ ဖြစ်လာခဲ့သည်။ လူမှုရေးရာ လုပ်ဆောင်ချက်များတွင် တရားမျှတမှု၌ပြိုင်ဘက်ကင်းပြီး ကမ္ဘာ့ငြိမ်းချမ်းရေး၏သံတမန်အဖြစ် လူသိများထင်ရှားခဲ့သည်။

ဘဟာအွလ္လာဘုရားရှင်၏ အခြေခံစည်းမျဉ်းဥပဒေသည် စည်းလုံးညီညွတ်မှုအတွက်ဖြစ်ပြီး သာသနာတော်ကို တည်ထောင်တော်မူသောဘုရားရှင်(ဘဟာအွလ္လာဘုရားရှင်) ပျံလွန်ကြွမြန်းတော်မူပြီးသည့်နောက် အခြားဘာသာ၊ သာသနာများကဲ့သို့ ဂိုဏ်းဂဏကွဲပြားမှုများ လုံးဝမဖြစ်ပွားစေရန်အတွက် လိုအပ်သော ကာကွယ်မှုကို ပြုလုပ်ထားတော်မူခဲ့သည်။ ဘဟာအွလ္လာဘုရားရှင်၏ ရေးသားတော်မူချက်များတွင် ဘဟာအီသာသနာ၏ ကျမ်းစာတော်များကို အနက်အဓိပ္ပါယ် ပြန်ဆိုခွင့်ရှိသူအဖြစ်သာမက ယုံကြည်မှုစိတ်ဓာတ်နှင့် ဆုံးမသြဝါဒတော်များ အတိုင်း နေထိုင်ပြသမှုတွင် ပြီးပြည့်စုံသောစံနမူနာပြပုဂ္ဂိုလ် အရှင်၏ သားတော်အကြီးဆုံးဖြစ်သည့် အဗ္ဗဒွလ်ဘဟာအရှင်မြတ်ဘက်သို့ လှည့်ကြရန်အတွက် ဆုံးမသွန်သင်တော်မူခဲ့သည်။

ဘဟာအွလ္လာဘုရားရှင် ပျံလွန်ကြွမြန်းတော်မူပြီးနောက် အဗ္ဗဒွလ်ဘဟာအရှင်မြတ်သည် ဖခမည်းတော်၏ ဆုံးမသြဝါဒ တော်များအတိုင်း နေထိုင်ခြင်းနှင့်အတူ အရှင်၏အံ့မခန်းသော ဂုဏ်အင်လက္ခဏာများ၊ အသိပညာ ဗဟုသုတများနှင့် လူသားလောကအတွက် အမှုထမ်းရွက်မှုများဖြင့် သာသနာတော်၏ဂုဏ်သတင်းကို အလျှင်အမြန်ပင် ကမ္ဘာတစ်ခုလုံးဆီ ပြန့်ပွားသွားစေရန် ကြိုးပမ်းအားထုတ်ခဲ့သည်။

အဗ္ဗဒွလ်ဘဟာအရှင်မြတ်၏ အမှုထမ်းရွက်မှုဖြင့် အရှင့်ဖခမည်းတော်၏သာသနာတော် ပိုမိုကျယ်ပြန့်ရန်နှင့် ဖခမည်းတော်ရည်မှန်းတော်မူထားသော လူသားလောက ငြိမ်းချမ်းရေးနှင့် စည်းလုံးညီညွတ်မှုကို မြှင့်တင်ပေးရန် လုပ်ဆောင်ခဲ့သည်။ အရှင်သည် ဒေသဆိုင်ရာအဖွဲ့အစည်းများဖွဲ့စည်းတည်ထောင်ရန် တိုက်တွန်းအားပေးတော်မူခဲ့ပြီး အခြေတည်ကာစဖြစ်သော ပညာရေး၊ လူမှုရေးနှင့် စီးပွားရေးတို့၏ ကနဦး ခြေလှမ်းအတွက်လည်း လမ်းညွှန်ပြသ ပေးတော်မူခဲ့သည်။ မှားယွင်းစွာအကျဉ်းချခံရပြီး လွတ်မြောက်လာသောအခါ အဗ္ဗဒွလ်ဘဟာအရှင်မြတ်သည် အီဂျစ်၊ ဥရောပနှင့် မြောက်အမေရိကစသည့်နိုင်ငံများသို့ သာသနာတော်ပြန့်ပွားရောက်ရှိစေရန် စတင်ထွက်ခွာခဲ့သည်။

မည်သူမဆို အရှင်နှင့် မိတ်သဟာဖြစ်ခဲ့ပါမူ အရှင်သည် အလွန်တရာကောင်းမွန်သော သရုပ်ပြသသူတစ်ဦး ဖြစ်တော်မူခြင်း၊ အရှင့်မိန့်ခွန်းများက ညှို့ယူဖမ်းစားနိုင်ခြင်း၊ လူတို့၏ စိတ်နှလုံးများနှင့် နာမ်ဝိညာဉ်များကို ဆွဲဆောင်တော်မူနိုင်ခြင်း၊ လူတစ်မျိုးတည်းဖြစ်သည်ဆိုသည့် ယုံကြည်ချက်တွင် နှစ်မြှပ်၍ အကောင်အထည် ဖော်ခဲ့ခြင်းတို့ကို တွေ့မြင်ကြရလိမ့်မည်။