လူ့သဘောသဘာဝ


ဘဟာအီသာသနာ၏ ကျမ်းစာဒေသနာတော်များအရ လူသား၏ သဘာဝသည် နာမ်ဝိညာဉ်ပေါ်တွင် အခြေပြုထားသည်။ လူသားများ၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်များသည် ကမ္ဘာမြေကြီးပေါ်တွင် တည်ရှိနေသော်လည်း လူတစ်ဦးစီတိုင်းအတွက် မမြင်နိုင်သော၊ တွေးတောဆင်ခြင်ကြည့်မှ သိမြင်နိုင်သော ထာဝရတည်ရှိနေသည့် နာမ်ဝိညာဉ်သည် လူတစ်ဦးချင်းစီ၏ မရှိမဖြစ် လိုအပ်သော ကိုယ်ပိုင်သီးသန့်ပုံရိပ် ဖြစ်သည်။

 

နာမ်ဝိညာဉ်သည် ခန္ဓာကိုယ်ကို သက်ဝင်လှုပ်ရှားစေပြီး လူသားနှင့် တိရစ္ဆာန်ကို ခွဲခြားပေးထားသည်။ အလုံးစုံတို့ကိုသိမြင်တော်မူသောအရှင်နှင့် လူတစ်ဦးချင်းစီကြားတွင် ထိုအရှင်စေလွှတ်တော်မူသော အလင်းတော်ရအရှင်များကို ကိုးကွယ်ဝတ်ပြုခြင်းတည်းဟူသော ဆက်သွယ်မှုဖြင့်သာ ထိုနာမ်ဝိညာဉ်သည် တိုးတက်ဖွံဖြိုးသည်။ ထိုဆက်သွယ်မှုသည် ဘုရားရှိခိုးခြင်း၊ ထိုပညာပေးအရှင်များ၏ ရေးသားတော်မူချက်များမှ အသိပညာများကို လက်တွေ့အသုံးကျခြင်း၊ ထာဝရဘုရားသခင်အား ချစ်မြတ်နိုးခြင်း၊ စာရိတ္တပိုင်းဆိုင်ရာ တကိုယ်ရည် စည်းကမ်းကောင်းမွန်ခြင်းနှင့် လူသားလောကအတွက် အမှုထမ်းခြင်းတို့ဖြင့် ပြုစုပျိုးထောင်ပေးရသည်။ ဘဝ၏ ရည်ရွယ်ချက်မှာ ဘာဖြစ်သည်ဆိုသည်မှာ ထိုလုပ်ရပ်များကို လက်တွေ့လေ့ကျင့် လုပ်ဆောင် ခြင်းအားဖြင့် ပုံပေါ်လာပေသည်။

 

ဘဝကို နာမ်ခန္ဓာပိုင်းမှ ပြုစုပျိုးထောင်ပေးခြင်းသည် အကျိုးကျေးဇူးများစွာ ဖြစ်ထွန်းစေသည်။ ပထမဦးစွာ လူတစ်ဦးချင်းစီတွင် ပျော်ရွှင်မှုနှင့် လူမှုရေးပိုင်းတိုးတက်မှုတို့အတွက် အခြေခံထားသော မွေးရာပါအရည်အသွေးများ တိုးတက်များပြားလာပေမည်။ ထိုအရည်အသွေးများမှာ ယုံကြည်မှု၊ သတ္တိ၊ ချစ်ခြင်းမေတ္တာ၊ သနားကြင်နာခြင်း၊ ယုံကြည်မှုခံထိုက်ခြင်းနှင့် နှိမ့်ချခြင်းတို့ ပါဝင်ပေသည်။ ထိုအရည်အသွေးများ တိုးတက်ထင်ရှားလာလေလေ လူအဖွဲ့အစည်းတစ်ခုလုံး တိုးတက်လာလေလေဖြစ်သည်။

 

နောက်တစ်ပိုင်းအနေဖြင့် နာမ်ပိုင်းဆိုင်ရာ တိုးတက်မှုသည် အလုံးစုံတို့ကို သိမြင်တော်မူသောအရှင်၏ အလိုဆန္ဒတော်အတိုင်း နေထိုင်ခြင်းဖြစ်သည်။ ထိုသို့နေထိုင်ခြင်းသည် အလုံးစုံတို့ကို သိမြင်တော်မူသောအရှင်ထံသို့ ပိုမိုနီးကပ်သွားစေပြီး သေပြီးနောက်အသက်တာအတွက် တစ်ဦးချင်းစီအနေဖြင့် ကြိုတင်ပြင်ဆင်ခြင်းလည်းဖြစ်သည်။ ရုပ်ခန္ဓာသေဆုံးပြီးနောက် နာမ်ဝိညာဉ်ဘဝများတွင် `အလုံးစုံတို့ကို သိမြင်တော်မူသောအရှင်၏ ကမ္ဘာများ´ သို့မဟုတ် ဖြစ်တည်ရာနေရာများဆီသို့ ဝိညာဏခရီးစတင်ထွက်ခွာရသည်။ ထိုတိုးတက်ရောက်ရှိရမည့်ခရီးကို အစဉ်အလာအားဖြင့် ‘ကောင်းကင်နိုင်ငံတော်’ ‘နိဗ္ဗာန်’ နှင့် ပုံပမာခိုင်းနှိုင်းခဲ့ကြသည်။ အကယ်၍ နာမ်ဝိညာဉ်သည် ဖွံ့ဖြိုးတိုးတက်ရန် ကျရှုံးပါက ထိုနာမ်ဝိညာဉ်သည် အလုံးစုံတို့ကို သိမြင်တော်မူသောအရှင်နှင့် ဝေးကွာစွာတည်ရှိပေမည်။ အလုံးစုံတို့ကိုသိမြင်တော်မူသော အရှင်ထံမှ ဝေးကွာသော အခြေအနေကို ‘ငရဲ’ ဟု အဓိပ္ပါယ်သက်မှတ်နိုင်သည်။ ထို့ကြောင့် ကောင်းကင်နိုင်ငံတော်၊ နိဗ္ဗာန်နှင့် ငရဲတို့သည် အတိအကျ သက်မှတ်ထားသော နေရာများဟု မမှတ်ယူဘဲ တစ်ဦးတစ်ယောက်သည် အလုံးစုံတို့ကို သိမြင်တော်မူသောအရှင့် အလင်းဆီသို့ နီးကပ်ခြင်းနှင့် ဝေးကွာခြင်းတို့၏ ကွာခြားချက်ပင် ဖြစ်သည်။