နာမ်ဝိညာဉ်၏ အသက်တာ


နာမ်ဝိညာဉ်သည် လူသားအားလုံးတို့ ကိုးကွယ်ရာအရှင်၏ နာမ်လောကမှ အစပြုလေသည်။ ၎င်းသည် ရူပကမ္ဘာ (လောကီ)ရှိ အရာအားလုံးတို့ထက် သာလွန်မြင့်မြတ်လေသည်။ လူသားတစ်ဦးသည် ပဋိသန္ဓေရှိစဉ်ကပင် နာမ်လောကမှလာသော နာမ်ဝိညာဉ်သည် သန္ဓေသားနှင့် ဆက်သွယ်ပေါင်းစပ်ရာမှ အစပြုဖြစ်ပေါ်လာလေသည်။ ဤသို့ဆက်သွယ်ပေါင်းစပ်မှုသည် လောကီသဘော ပေါင်းစပ်ခြင်းမျိုး မဟုတ်ပေ။ နာမ်ဝိညာဉ်သည် ရုပ်ခန္ဓာအတွင်းသို့ ဝင်ခြင်း၊ ထွက်ခြင်း၊ ရုပ်ခန္ဓာဆိုင်ရာ နေရာများတွင် အကျုံးဝင် နေထိုင်ခြင်းမရှိပေ။ ဤနာမ်ဝိညာဉ်နှင့် ရုပ်ခန္ဓာဆက်သွယ် နေမှုသည် အလင်းရောင်နှင့် အလင်းပြန်နိုင်သော မှန်ကြေးမုံတို့နှင့် အလားတူပေသည်။ မှန်ကြေးမုံထဲတွင် ပေါ်နေသော အလင်းသည် ထိုမှန်ထဲတွင် ရှိမနေပေ။ ဤအလင်းသည် ပြင်ပမှလာခြင်းသာဖြစ်သည်။ ထိုနည်းတူစွာ နာမ်ဝိညာဉ်သည် ခန္ဓာကိုယ်ထဲတွင် တည်ရှိနေခြင်းမဟုတ်ပေ။ ၎င်းနှင့် ရုပ်ခန္ဓာသည် ထူးခြားစွာ ဆက်သွယ်နေပြီး ၎င်းတို့နှစ်ခုပေါင်းမှ လူသားတစ်ယောက် ရပ်တည်အဖြစ် နေနိုင်ပေသည်။

 

ကျွန်ုပ်တို့သည် နာမ်ဝိညာဉ်၏ တိကျသေချာသော သဘောသဘာဝကို နားမလည်နိုင်ပေ။ ဘဟာအွလ္လာဘုရားရှင်က မိန့်ကြားတော်မူသည်မှာ “ထာဝရဘုရားသခင်၏ အမှတ်လက္ခဏာတော်၊ ကောင်းကင်ဘုံ၏ ကျောက်မျက်ရတနာ ဖြစ်သော ယင်းနာမ်ဝိညာဉ်၏ အစစ်အမှန်ကို ပညာတတ် ပုဂ္ဂိုလ်များပင် ဖမ်းဆုပ်မိရန် ကျရှုံးပြီး ယင်းနာမ်ဝိညာဉ်၏ လျှို့ဝှက် ဆန်းကျယ်မှုကို တွေးတောကြည့်၍မရသကဲ့သို့ အစဉ်အမြဲပင် နားလည်သဘောပေါက်ရန်မမျှော်လင့်နိုင်ပေ။” နာမ်ဝိညာဉ်သည် “သူ၏ ဖန်ဆင်းရှင်ကို အကောင်းမြတ်ဆုံး ကြေငြာပေးရန်၊ အရှင်၏ တန်ခိုးစွမ်းအားတော်ကို အသိအမှတ်ပြုရန်၊ ထာဝရဘုရားသခင်၏အမှန်တရားကို ဖက်တွယ်ထားရန်နှင့် အရှင်၏ရှေ့တော်မှောက်တွင် ချစ်ခင်မြတ်နိုးခြင်းကြောင့် သူ၏ဦးခေါင်းကို ညွှတ်ထားရန်အတွက် ဖန်ဆင်းထားသမျှအရာ အားလုံးထဲမှ ပထမဆုံး အရာပင်ဖြစ်သည်။”

 

ထိုနာမ်ဝိညာဉ်၏ စွမ်းအားများဖြင့်သာ လူသားသည် တိုးတက်မှုကို ရရှိနိုင်သည်။ အဗ္ဗဒွလ်ဘဟာအရှင်မြတ်က မိန့်ကြားထားသည်မှာ “နာမ်ဝိညာဉ်သည် အရာဝတ္ထုများ၏ အစစ်အမှန်ကို ရှာဖွေတွေ့ရှိနိုင်ပြီး၊ ဖြစ်တည်နေခြင်း၏ ထူးခြားမှုကိုလည်း သိရှိနားလည်နိုင်ကာ၊ တည်ရှိနေခြင်း၏ လျှို့ဝှက်နက်နဲမှုကို ထွင်းဖောက်မြင်နိုင်လေသည်။ သိပ္ပံပညာများ၊ အသိပညာ ဗဟုသုတများ၊ အနုပညာရပ်များ၊ အံ့ချီးဖွယ်ရာများ၊ တက္ကသိုလ်ပညာရပ်များ၊ စူးစမ်း လေ့လာမှုများ၊ လက်တွေ့လုပ်ရပ် အားလုံးတို့သည် ဝေဖန်ပိုင်းခြားနိုင်စွမ်းရှိသော နာမ်ဝိညာဉ်ကို သိမြင် နားလည်လာစေရန် လေ့ကျင့်ခြင်းမှသာ ရရှိနိုင်လေသည်။”

 

အကယ်၍ ကျွန်ုပ်တို့၏ ဖြစ်တည်မှုသည် မှန်တစ်ချပ်ကဲ့သို့ဖြစ်လျှင် ယင်းမှန်၏ ပြည့်ဝသော စွမ်းဆောင်နိုင်ရည်များကို မှန်သည် အရောင်တောက်ပနေပြီး အလင်းဘက်သို့ မျက်နှာလှည့်ထားမှသာလျှင် ဖေါ်ထုတ်ပြသနိုင်ပေသည်။ ထိုနည်းတူစွာပင် ကျွန်ုပ်တို့ နာမ်ဝိညာဉ်များ၏ မှန်များသည် ဆုတောင်းခြင်း၊ သန့်ရှင်းမြင့်မြတ်သော ကျမ်းစာတော်များကို လေ့လာခြင်း၊ အသိပညာ ဗဟုသုတများကို သိုမှီးခြင်း၊ ကျွန်ုပ်တို့၏အပြုအမူများအား တိုးတက်ကောင်းမွန်လာအောင် ကြိုးစားအားထုတ်ခြင်း၊ လူသားလောကအတွက် အမှုထမ်းခြင်းတို့ဖြင့်သာ တောက်ပလာနိုင်ပေသည်။