ကမ္ဘာပေါ်ရှိ ဘုရားရှိခိုးကျောင်းတော်များ


ဘဟာအီဝတ်ကျောင်းတော်များသည် အခြားဘာသာများ၏ ချာ့ခ်ျ(ခရစ်ယာန်ဘုရားရှိခိုးကျောင်း)၊ စေတီ၊ ဗလီ ကဲ့သို့သောဆုတောင်းခြင်းနှင့် ဝတ်ပြုခြင်းအတွက် စုဝေးရာနေရာများဖြစ်သော အဆောက်အဦများ ဆောက်လုပ်သည့် ရည်ရွယ်ချက်များနှင့် အလားသဏ္ဍာန်တူသည်။ ထို့ပြင် အနှစ်သာရရှိသော တခြားသောရည်ရွယ်ချက်များလည်း ရှိနေသေးသည်။

 

New Delhi Temple

ဘဟာအွလ္လာဘုရားရှင်၏ အနာဂတ်မျှော်မှန်းချက်ဖြစ်သော ဒေသ၏ ဘုရားရှိခိုးကျောင်းတော်များသည် ရပ်ရွာလူထု၏ နာမ်ပိုင်းဆိုင်ရာအသက်တာအတွက် စုစည်းရာနေရာများ တစ်နေ့တွင် ဖြစ်လာရမည်ဖြစ်ပြီး လူသားအချင်းချင်း စာနာထောက်ထားမှု၏ ပြယုဂ်များဖြစ်လာပေမည်။

 

ထို့ကြောင့်ပင် သာသနာတော် တိုးတက်ပြန့်ပွားမှု၏ အမှတ်သင်္ကေတအဖြစ် တိုက်ကြီးတစ်ခုစီအတွက် အနည်းဆုံးဝတ်ကျောင်းတော် တစ်ခုစီဖြင့် စုစုပေါင်း ဝတ်ကျောင်းတော်ပေါင်း(၇)ခု ဆောက်လုပ်ပြီးဖြစ်သည်။ သာသနာတော်၏ ယခုတိုးတက်မှု အဆင့်အခြေတွင် ဘဟာအီများသည် ရပ်ရွာလူထု၏ ရုပ်ပိုင်းဆိုင်ရာ အဆောက်အဦများ တည်ဆောက်ရေးဆိုသည်ထက် ပိုမိုအဓိပ္ပါယ်လေးနက်ကာ လူမှုရေးနှင့် ဝိညာဏပိုင်းဆိုင်ရာ အဖွဲ့အစည်းများ ဖြစ်ပေါ်လာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအပေါ်တွင် အာရုံစိုက်ထားသည်။ ထို့ပြင် ၎င်းဝတ်ကျောင်း တော်များကို ကမ္ဘာကြီးအား ဘာသာတရား၏ ဝတ်ပြုမှုပုံစံသစ်ဆီသို့ ပို့ဆောင်ပေးသော မီးပြတိုက်များ အဖြစ် တည်ဆောက်ထားသည်။

 

ဘုရားရှိခိုးကျောင်းတိုင်းတွင် သူတို့၏ ကိုယ်ပိုင်ထူးခြားသော ဒီဇိုင်းပုံစံများရှိပြီး တညီတညွတ်တည်းဆိုသည့် အနှစ်သာရနှင့် ကိုက်ညီစေရန် ဗိသုကာပိုင်းဆိုင်ရာ လိုအပ်ချက်များရှိနေသေးသည်။ ဘဟာအီဝတ်ကျောင်းတော်များအားလုံးသည် အနားကိုးဖက်နှင့် အလယ်ဗဟိုတွင် အမိုးခုံးတစ်ခု ရှိရပေမည်။

 

ပထမဆုံးဝတ်ကျောင်းတော်ကို အာရှတိုက်အလယ်ပိုင်းရှိ ရုရှားနိုင်ငံအစ်ရှ်ကာဘတ်မြို့တွင် (၁၉ဝ၈)ခုနှစ်ဝန်းကျင်တွင် တည်ဆောက်ပြီးစီးခဲ့သည်။ အနောက်တိုင်းတွင်မူ အမေရိကန်ပြည်ထောင်စုအီလီနွိုတ်စ် ပြည်နယ်၊ ချီကာဂိုမြို့ မြောက်ဖက်ရှိ မီချီဂန်ကန်၏ ကမ်းခြေရှိ ဝေါမတ်မြို့၌ ၁၉၅၃ခုနှစ်တွင် တည်ဆောက်ခဲ့သည်။ ယင်းဝတ်ကျောင်းတော် သည် အရှေ့တိုင်းနှင့် အနောက်တိုင်းဗိသုကာလက်ရာပုံစံများကို ပေါင်းစပ်ထားခြင်းဖြစ်သည်။ နှစ်များစွာဖြတ်သန်း ပြီးနောက် သန်းပေါင်းများစွာသော လည်ပတ်သူများ လာရောက်ခဲ့ကြသည်။ ယူဂန်ဒါနိုင်ငံ ကန်ပါလာမြို့၊ သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့အနီး၊ ဂျာမနီနိုင်ငံ ဖရန့်ဖာ့မြို့၊ ပနားမားနိုင်ငံပနားမားမြို့၊ အနောက်စမိုးဝါးနိုင်ငံ အာပီရာမြို့များတွင်လည်း ဘဟာအီဝတ်ကျောင်းတော်များတည်ရှိကြသည်။

 

အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တွင် ဝတ်ကျောင်းတော်အသစ်တစ်ခုကို ၁၉၆၈ခုနှစ်က တည်ဆောက်ပြီးစီးခဲ့သည်။ ယင်းဝတ်ကျောင်းတော်၏ ဗိသုကာဒီဇိုင်းပုံစံသည် ကြာဖူးပုံစံဒီဇိုင်းဖြစ်သည်။ ပွင့်ဖတ် ၉ ခုနှင့် ရေကန် ၉ ကန်ဖြင့် တည်ဆောက်ထားသည်။ ယင်းဝတ်ကျောင်းတော် အဆောက်အဦးသည် လူ၂၅ဝဝကျော်ခန့် ဝင်ရောက်ဝတ်ပြု နိုင်လေသည်။ နယူးဒေလီရှိ ယင်းဝတ်ကျောင်းတော်သည် ကမ္ဘာ့ဆွဲဆောင်မှု အရှိဆုံးနေရာများထဲမှ တစ်ခုအပါအဝင် ဖြစ်ပြီး တစ်နှစ်လျှင် လည်ပတ်သူပေါင်း(၂၅)သိန်းကျော်ခန့်ရှိသည်။ ဟိန္ဒူနေ့ထူးနေ့မြတ်များတွင် အိန္ဒိယနိုင်ငံရှိ မည်သည့်ဘာသာဝင်ဖြစ်စေ လူဦးရေ ၁ သိန်းထက်မနည်းသော လူများလာရောက်လည်ပတ်ကြသည်။ အလေးအနက်ဆိုရမည်ဆိုလျှင် ဝတ်ကျောင်းတော်များအားလုံးသည် ဘာသာပေါင်းစုံအတွက် ဖွင့်လှစ်ထားခြင်းဖြစ်သည်။ ယင်းတို့တွင် တရားဒေသနာတော်များ၊ ဝတ်ပြုဆုတောင်းနည်းများကို ကန့်သက်မထားပေ။ ဓမ္မရှေ့ဆောင်၊ ဘုန်းတော်ကြီးလည်းမရှိပေ။

 

ကမ္ဘာတစ်လွှားတွင် နောက်ထပ်တည်ဆောက်ရန် လျာထားသော ဝတ်ကျောင်းတော်ပေါင်း(၁၂ဝ)ကျော်ခန့်ရှိလေသည်။ နောက်ဆုံးတွင် ပထမဆုံးဝတ်ကျောင်းတော် အစ်ရှ်ကာဘတ်ကဲ့သို့ပင် ဘဟာအီများရှိသော ဒေသတိုင်းတွင် သူတို့၏ ကိုယ်ပိုင်ဝတ်ကျောင်းတော်များ ဆောက်လုပ်ရမည်ဖြစ်ပြီး ယင်းတို့သည် ရပ်ရွာလူထုအသက်တာ၏ လူမှုရေးပိုင်း၊ သိပ္ပံပညာပိုင်း၊ ပညာရေးပိုင်းနှင့် လူသားချင်းစာနာမှုဖြင့် အမှုထမ်းခြင်းတို့အတွက် ပင်မဗဟိုနေရာများ ဖြစ်လာပေမည်။